ကွန်မန့်ဒီဘိတ် ;P

ဓမ္မရသဘလော့မှာရေးထားတဲ့ ကွန်မန့်တွေကို ဖတ်ပြီး ရီနေရတယ် ... ကွန်မန့်ရေးတဲ့သူတွေကလဲ ငါ့စကားနွားရ နိုင်ရင်ပြီးရော ... ကိုယ်ရေးတာ ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ ရေးနေတော့တာပဲ .. တယောက်မှ သေးသေးတင်ကို မခံဘူး ... စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက် ..

အဲဒီထဲက ဦးကုမာရ ပြောခဲ့တဲ့အထဲမှာ … ၀ိနည်းချိုးဖေါက်တဲ့ ဒုသီလ ရဟန်းတပါးဟာ အပြစ်မရှိပါဘူးလို့ ပြောထားတာ ပါသလား … ၀ိနည်း ချိုးဖောက်ရမယ် လို့လဲ ပြောမထားဘူး …

အဲ … ဒါပေမယ့် …
ထေရ၀ါဒ အယူဝါဒလေးပျံ့နှံနေတာ ကမ္ဘာတခုလုံးမှာမှ ဒို့အပါအ၀င် လူနည်းစုလေးရယ် … မွတ်က ကောက်ဆွဲသွားလို့ အလာကယ်ပါဖြစ်သွားလိုက၊် ခရစ်ယာန်က မစ်ရှင်လုပ်သွားလို့ ဟာလီလူးယားဖြစ်သွားလိုက်ဆိုရင်တော့ … ကြာရင် လုံးပါးပါးရချည်ရဲ့ …

ဒီကနေ ဒီလိုစပြီးစဉ်းစားကြည့်ပါ …

ဘာသာရေးနဲ့ လူမှုရေးဆိုတာ အမြဲဆက်စပ်နေတယ်ဆိုတာ လက်ခံတယ်နော် …

လက်မခံရင် စက်တင်ဘာတုန်းက - ဘုန်းကြီးတွေ မေတ္တာပို့ဆန္ဒပြတာကို ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ် .. နိုင်ငံရေးထဲ ၀င်မရှုပ်နဲ့ဆိုတဲ့ အစားထဲ ထည့်လိုက်မယ်လေ …

ဒကာ ဒကာမတွေဆင်းရဲရင် ဘုန်းကြီးလဲ လာဘ်ပိတ်တယ် … ဘုန်းကြီးတွေဟာ နိုင်ငံရေးနဲ့အတွက် ကောင်းတာမှန်ရင် ညွှန်ပြရမှာပဲ … ကိုယ့်လူမျိုးအရေးမှာ ထိခိုက်လာမယ်ထင်ရင် တားဆီးရမှာပဲ … ဒါ ဘုန်းကြီးတွေရဲ့အလုပ် …

ရှေးယခင်ခေတ်တွေကို ပြန်ကြည့်ကြည့်ပါ … အထက်တန်းကျောင်းဆိုတာတွေ မရှိခဲ့တဲ့ တချိန်ကပေါ့ … ရှင်ဘုရင်အစ ဟိုးအောက်ခြေ လှည်းကျောင်းသား နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းသားချည်းပဲ … ဘုန်းကြီးကျောင်းသွားတယ် ဘာလုပ်လဲ … စာသင်တယ် … ရွာဦးကျောင်းပညာရေးက သင်ပေးလိုက်တဲ့ ပညာတွေကြောင့် အဲဒီဘုန်းကြီးကျောင်းသားလေးတွေ ကြီးလာတဲ့အချိန် မင်းတိုင်ပင်ခံ စိုးတိုင်ပင်ခံ ပဏ္ဍိတ ပညာရှိ က၀ိတွေ ဖြစ်လာကြတယ် … အဆင့်တန်းရှိရှိနေရတယ် … အဲဒီခေတ်အခါက ဘုန်းကြီးကျောင်းပညာရေးရဲ့ လူနေမှုဘ၀ပေါ်မှာ အာမခံချက် ပေးနိုင်တာကိုပေါ့ ...

အဲဒီ ရွာဦးဘုန်းကြီးကျောင်းတွေမှာ ပါဠိစာပေတင်သင်ပေးခဲ့တာမဟုတ်ဖူး … မေတ္တာသုတ်ရွတ်နည်းကိုပဲ သင်ခဲ့တာမဟုတ်ဖူး .. … သူ့ခေတ်နဲ့ သူ့အခါ အဆင့်တန်းရှိတဲ့ လောကဓါတ်ပညာတွေ … သိုင်းပညာတွေပါ သင်ပေးခဲ့တာပဲ … ဗန်တို ဗန်ရှည် ပွဲကျောင်းပညာတွေ အဲဒီက စခဲ့တာပေါ့ … အဲဒီတော့ မေတ္တာဘာဝနာတွေ ပွားများတဲ့ ရွာဦးကျောင်းက ဆရာတော်တွေ ဘာလို့ သိုင်းသင်တာကို အားပေးခဲ့လဲ … အားပေးသင့်လို့ပေါ့ … ရပ်ရေးရွာရေး ကာကွယ်ဖို့၊ လူ့လောကကို အကျိုးပြုဖို့ပေါ့ …

လူဆိုတာ ပုထုဇဉ်တွေချည်းပဲ … ရဟန္တာမဖြစ်သေးခင် လူ့အလုပ်ကို လုပ်ရမှာပဲ … ရပ်ထဲရွာထဲ သူခိုး ဓါးပြ၀င် နိုင်ထက်စီးနင်းလုပ် အဓမ္မပြုကျင့်တာမျိုးကို ခန္တီစ .. သည်းခံခြင်းနဲ့ပဲ ဖြေရှင်းမလား … ရွာပျက်သွားတာပဲ အဖတ်တင်တာပေါ့ … ရွာကိုမီးလောင်တိုက်သွင်း ဘုန်းကြီးကျောင်းပါမီးရှို့ .. သာသနာပါ ပျက်ရပြီပေါ့ …အဲဒီတော့ ရွာဦးဆရာတော်ကလဲ သူ့ကျောင်းသားတွေကို သိုင်းသင်ဖို့ အားပေးတယ် …
ဒါလဲ သာသနာပြုတာပဲ …

သူ မြေတောင်မြှောက်ပေးလိုက်တဲ့ ရွာဦးကျောင်းထွက် ကျောင်းသားတွေ ပညာတွေ တတ်သွားကြရင် နောင်တချိန်မှာ သာသနာအတွက်လဲအကျိုးပြုမှာပေါ့ … ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပဲ …

ဒီလိုပဲ လူ့အရေးမှာ သံဃာတွေဝင်စွက်ခဲ့ရတာပြောမယ်ဆိုရင် ကုန်နိုင်စရာတောင် မရှိပါဘူး … ဘာသာေ၇းနဲ့ လူမှုရေး ဆက်စပ်နေတယ်လို့ ဆိုခဲ့တယ်မှလား …

နောက်တခု …
ဘုန်းကြီးက ဘုန်းကြိးအလုပ်ပဲ လုပ်ရမယ် … လူထွက်လို့ မရဘူးလို့ ပြောထားတာ ၀ိနည်းထဲမှာ ရှိသလား … ၀ိနည်းတွေ ဘာတွေ စဉ်းစားဖို့ ညဏ်မမှီရင်တောင် သမိုင်းအထောက်အထားနဲ့ ပြ … အဲဒီလိုမျိုးရှိခဲ့လား … မရှိခဲ့ဘူး …

ရှေးခေတ်က ရှင်ဘုရင်ကအစ နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းထွက်ကြီးပဲ … ယောင်ပေစူးနဲ့ နှပ်ချီးတွဲလဲ အရွယ်ထဲက ရွာဦးကျောင်းဆရာတော်ဆီ ပို့လိုက်တယ် … ဘာလုပ်ဖို့လဲ … တရားအားထုတ်ပြီး မဂ်ဖိုရဖို့လား … မဟုတ်ဖူး ဒီအရွယ်လေးတွေ တရားအကြောင်း ဘာသိဦးမှာလဲ …

ဘုန်းကြီးကျောင်းပို့တာ ပညာသင်ဖို့ … ပါဠိစာပေ လောကဓါတ်ပညာ သိုင်းပညာ .. အဲဒီက အခြေခံလေးတွေကို ငယ်ငယ်ကတည်းက ရိုက်သွင်းပေးတာ … အဲဒီပညာတွေ တတ်ထားမှ လူရာဝင်မှာကိုး …
အဲဒီတော့ မိဘတိုင်းက ကိုယ့်သားသမီးကို ဘုန်းကြီးကျောင်းပို့ကြတယ် … ရှင်ဘုရင် မှုးကြီးမတ်ကြီးက အစ … နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းထွက်တွေချည်းပဲ … အဆုံးပြောရရင် တနိုင်ငံလုံးပေါ့ … ဘုန်းကြီးကျောင်းသားလူထွက်ချည်းပဲ …

အဲဒီ နှပ်ချီးတွဲလဲ ဘုန်းကြီးကျောင်းသားကိုရင်လေးတွေကနေ ဦးဇင်းဖြစ် … ဦးဇင်းကနေ သာသနာ့ဘောင်မှာ ပျော်ရင် ဆက်နေ… ဆရာတော်ကြီးဖြစ် … မပျော်ရင် လူထွက် … အိမ်ထောင်ပြုသားမွေး … လူဝတ်တလှည့်နဲ့ သာသနာပြု …

အဲဒါတွေ ရှိခဲ့တာပဲ … ၀ိနည်း ချိုးဖောက်လား .. မချိုးဖောက်ဖူး .. လူ့လောက အကျိုးပြုလား .. ပြုတယ် …

ရွာမှာ ကလေး အယောက် ၁၀၀ ရှိရင် ၉၉ ယောက် ဘုန်းကြီးကျောင်းသား ကိုရင် ဖြစ်တယ် … လူ ဘယ်နှယောက် ပြန်ထွက်လဲ … ၉၅ ယောက် ပြန်ထွက်တယ် …

နှပ်ချီးတွဲလဲဘ၀တည်းက သာသနာ့ဘောင်ဝင်တယ် … လူပျိုပေါက်စအရွယ် ကိုရင်ဘ၀မှာ လူပြန်ထွက်ကြတယ် … ဘာလို့လဲ … အများက ရည်းစားလွမ်းလို့ … ကိုရင် ပေါက်စလေးတွေနဲ့ ရွာက အပျိုပေါက်လေးတွေ ချစ်ကြကြိုက်ကြတဲ့ သာဓကတွေ အများကြီး … မချစ်ကြိုက်လို့မှ မရပဲကိုး … ကိုရင်လေးတွေကလဲ လူပျိုပေါက်ဖြစ်ကာစ ... မိန်းကလေးတွေကလဲ ဘုန်းကြီးကျောင်းသားကိုရင်ကိုမှ မယူရင် တခြားရွေးစရာလူမှ မရှိပဲကိုး … အဲဒီလိုနဲ့ ဘာသာဘာဝ ချစ်ကြိုက်ရည်ငံခဲ့ကြတယ် …

သက်သေအထောက်အထားနဲ့ ကိုရင်က စပ်ခဲ့တဲ့ အလှဘွဲ့တွေ ရည်းစားစာတွေတောင် ရှိသေး … အပျိုလေးက ကိုရင်အတွက် စာစပ်ထားတာမျိုးတွေလဲ ရှိပါ့ .. “ပျိုတို့မောင် ရှင်လိမ်ပြန်ရင်” ဆိုတဲ့ စကားလေးကိုလဲ မှတ်မိမှာပေါ့ .. စာထဲမှာလဲ သင်ရသားပဲ … အဲဒီလို ချစ်ကြ ကြိုက်ကြတာကို မြန်မာ့လူဘောင် အဖွဲ့စည်းက လက်ခံခဲ့လား … သိပ်လက်ခံခဲ့တာပေါ့ … ကိုရင်လေး လူမထွက်ခင်တည်းက သမီးရှင်မိဘကိုယ်တိုင်က အိမ်ကိုပင့်ဆွမ်းလောင်း သမီးနဲ့ ရည်ငံဖို့ လမ်းကြောင်းပေးခဲ့တဲ့ သာဓကတွေလဲအများကြီးပေါ့ …

နောက်ပြီး ရွာက လူငယ်၁၀၀မှာ ၉၉ယောက် ကိုရင်ဝတ်ပြီး တယောက်မှ ပြန်မထွက်ရင် ရပ်ရေးရွာရေး လောက်လောက်ငါးငါး အားထားရမယ့် ယောကျာ်းလူငယ်လေးတွေ ဘယ်မှာကျန်တော့မလဲ … အိမ်ထောင်ပြု သားမွေးပြီး ရပ်ရွာအကျိုး သာသနာအကျိုးကိုသယ်ပိုးမယ့်သူတွေ ဘယ်မှာ ကျန်တော့မလဲ …

အဲဒါကြောင့်လဲ ရွာဦးကျောင်းဆရာတော်ကလဲ ခွင့်ပြုတယ် … မြန်မာ့ လူ့ဘောင်အဖွဲ့စည်းကလဲ ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တယ် …

ဘာလို့ ကျေကျေနပ်နပ်ကြိး လက်ခံခဲ့လဲ .. ရွာဦးကျောင်းက သင်ပေးလိုက်တဲ့ ပညာက တချိန်မှာ လူတလုံးသူတလုံးဖြစ်အောင် လုပ်ပေးနိုင်လို့ … အဆင့်အတန်းရှိရှိနေနိုင်အောင် လုပ်ပေးနိုင်လို့ … အဲဒီ ဘုန်းကြီးကျောင်းသားကိုရင်လေးတွေပဲ တချိန်မှာ ပဏ္ဍိတာ ပညာရှိတွေ ဖြစ်သွားကြတယ် … မင်တိုင်ပင် စိုးတိုင်ပင် အမတ်ကြီးတွေ ဖြစ်လာကြတယ် … ယုတ်စွအဆုံး ... ပညာတတ် သာမဏေကျော်ကို လူဝတ်လဲ မိန်းမပေးစားပြီး .. ရှင်ဘုရင်အရာတောင် ထားခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်မှလား …

အဲဒါကြောင့်လဲ စာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့ ကိုရင် လူငယ်လေးတွေကို သမီးရှင်တွေကိုယ်တိုင်က ကျောင်းလမ်းပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာပေါ့ … စာပေတတ်တဲ့ ကိုရင်လေး လူထွက်လို့ သူ့သမီးနဲ့ အိမ်ထောင်ကျရင် သူ့သမီး နောင်ရေး ကောင်းစားမယ် .. ဒီသဘောပဲလေ …

အဲဒါ ဘုန်းကြီးကျောင်းပညာရေး ခေတ်ကောင်းတုန်းကပေါ့ …

နောက်တော့ .. ကိုလိုနီခေတ်ရောက်လာတယ် … အထက်တန်းကျောင်းပညာရေးစနစ် ထွန်းကားလာတယ် … တိုးတက်လာတဲ့ ပညာရေးကို ရှေးရိုးထုံးစံလိုက်တဲ့ ဘုန်းကြီးကျောင်းပညာရေးက လိုက်မမှီတော့ဘူး … အထက်တန်းကျောင်းက ပြိးလို့ ယူနီဗာစီတီက ဘွဲ့ရရင် မြို့အုပ်မင်း အရေးပိုင်လောက် နေရာမှန်းလို့ရတယ် … ဘုန်းကြီးကျောင်းထွက်ဆိုရင် စာကိုရေးတတ်ဖတ်တတ်ရုံလောက်ပဲထားတဲ့အနေထား ရောက်လာတယ် … ဘုန်းကြီးကျောင်းက သင်ပေးတဲ့ ပါဠိကို ရှလွတ်ရှလွတ်နဲ့ပြောတတ်တဲ့အဖြူတွေကြားမှာ နေရ မပေးတော့ပဲကိုး …

အဲဒီလို ဘုန်းကြီးကျောင်းသားလေးတွေ လူထွက်ပြီးရင် စာရေးစာချီ အလုပ်လုပ်ဖို့ကိုတောင် လူရာမသွင်းခံရတဲ့အချိန်မှာ ဘုန်းကြီးကျောင်းသား သူတောင်းစားဆိုတဲ့ စကားပေါ်လာတာပေါ့ …

ဘုန်းကြီးကျောင်းက ပေးလိုက်တဲ့ ပညာရေးစနစ်ဟာ အဲဒီခေတ်မှာ နေရာမရတော့ဘူး … အဲဒီလို မရေရာတဲ့ အနာဂတ်မျိုးရှိနေတဲ့ ကိုရင်လေးတွေကိုလဲ ဘယ်သမီးရှင်မိဘက သူ့သမီးနဲ့ သဘောတူနိုင်တော့ပါမလဲ … အဲဒီအချိန်ကစပြီး မိဘတွေကိုယ်တိုင်ကလဲ … နင်ဘုန်းကြီးလူထွက်ယူရင် သာသနာဖျက်မ ဖြစ်မယ်နော်ဆိုပြီး ခြောက်လှန့်လာတာပေါ့ … သဘာဝကျပါတယ် …

အဲဒီခေတ်က စတင်လာတဲ့ ဘုန်းကြီးကျောင်းပညာရေး နိမ့်ကျမှုဟာ ဒီဖက်ခေတ်အထိပဲ …

ဘုန်းကြီးကျောင်းပညာရေး နိမ့်ကျမှု .. ရှေးရိုးစွဲဘုန်းကြီးကျောင်းပညာရဲ့ ဘ၀အပေါ် အာမခံချက်မပေနိုင်မှန်းသိခဲ့တဲ့ ဆရာတော်တွေက သမိုင်းတလျှောက်မှာဘုန်းကြီးကျောင်းပညာရေးကို အဆင့်တန်းမှီ ပညာရေးဖြစ်အောင် ကြိုးစားခဲ့ကြတယ် …
ပါဠိစာပေ ဘုရားဟောကျမ်းဂန်တင် မကဘူး ... ခေတ်ပညာ စာပေတွေ ဘာသာခြားအယူဝါဒ ကိုပါ လေ့လာခဲ့ကြတယ် … ဝေဖန် ဆွေးနွေးခဲ့ကြတယ် …

လယ်တီ ဆရာတော်ကြီး၊ မဟာဂန္မာရုံဆရာတော်ကြီး ၊ အရှင်ဥတ္တဌ စသည်ဖြင့် သာသနာ့ အာဇာနည်များစွာ သမိုင်းကြောင်းမှာ အထင်အရှားရှိခဲ့တယ် … အဲဒီဆရာတော်တွေရဲ့ ဝေဖန်ဆွေးနွေးချက်တွေ အထင်ရှားရှိတယ် ...

ခေတ်ပြိုင် အယူဝါဒတွေ ထွန်းကားလာတဲ့ ဒီလိုအချိန်မှာ ကိုယ့် သာသနာ ထွန်းကားဖို့ဆို ယဿာနုဘာဝတော ရွတ်နေယုံနဲ့ မရတော့ဘူး … ခေတ်အမြင်ရှိရမယ် … တခြားအယူဝါဒတွေနဲ့ ယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ် … ဝေဖန်ပိုင်းခြားတဲ့အတိုင် ချပြရဲတဲ့ သတ္တိလဲ ရှိရမယ် …


အဲဒါကြောင့်လဲ ဒီခေတ်မှာ ပြည်ပမှာ ခေတ်ပညာတွေ လေ့လာ ဆည်းပူးနေတဲ့ သံဃာတော်တွေ တွေ့ရတာပဲ … ဘုရားဟောပိဋကတ်တွေတင်မက ခေတ်ပညာတွေကိုပါ လေ့လာကြတယ် … ဘာသာခြားအယူဝါဒတွေကိုလေ့လာကြတယ် … အဲဒါ တခြားဘာသာကို စော်ကားဖို့လုပ်တာမဟုတ်ဖူး ... အချက်လက်နဲ့ ဆွေးနွေးဝေဖန်သရွေ့ တခြားဘာသာကို စော်ကားတာမဟုတ်ဖူး ... အရှိကို အရှိအတိုင်း ပြောတာ ... သာသနာပြန့်ပွားဖို့လုပ်တာပဲ …
အမှားသိရင် အမှန်ရောက်မယ် ... ဒီသဘောပဲ ...

ဘာလို့ ဗုဒ္ဓအယူဝါဒကို မှန်ကန်ပြည့်စုံတဲ့ အယူဝါဒလို့ မှတ်ကျောက်တင်နိုင်လဲ ... အဲဒီလို ဝေဖန်ပိုင်းခြားတတ်တဲ့ ဆရာတော်တွေ ပေါ်ခဲ့လို့ပဲ ... မဟုတ်ရင် သီဟိုပြန်ဆရာတော်တွေ ရေးခဲ့တဲ့ အဌကထာတွေကို ဘုရားဟောအစစ်ပါဆိုပြီး ရောယောင်ချကုန်ကြတော့မှာပေါ့ ...

နောက်တခုက ဘုန်းကြီးလဲ မပျော်တဲ့အချိန်လူထွက်လို့ရတယ် … လူထွက်ပြီးမှ အိမ်ထောင်ပြုတာ … ဒါ ၀ိနည်းကို ချိုးဖောက်တာ မဟုတ်ဖူး … လူ့လောက အကျိုးစီးပွာကိုလုပ် … ကြီးပွားချမ်းသာအောင်လုပ် … လူဝတ်နဲ့ တဖက်တလမ်းက သာသနာကို ပံ့ပိုး … ချမ်းသာအောင် စီးပွားရှာပြီး သာသနာကိုပံ့ပိုး … ဒါလဲ သာသနာပြုတာပဲ … အဲဒီလို သာသနာပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဘုရားလက်ထက်ကတည်းက အများကြီးရှိခဲ့တယ် ...

အဲဒီလိုပုံစံမျိုးနဲ့ စဉ်းစားကြည့် ... ဦးကုမာရပြောတာ မှန်လားမှားလားတွေ့လိမ့်မယ် ... ဘယ်သူက ဘုန်းကြီးဝတ်နဲ့ မိန်းမယူမယ်ပြောသလဲ … ဦးနှောက်လေးနဲနဲသုံး စဉ်းစားပေါ့ … ပြီးရင် အချက်လက်နဲ့ ဆွေးနွေးလေ ...

ဒီလောက်ပါပဲ … ဆက်ဆွေးနွေးကြပါဦး … အမြင်တွေ ရှင်းလင်းသွားအောင်ပေါ့ …

(ဒါနဲ့ အဲဒီကလျာက ဒီဂါဒီယန်ဘလော့မှာတင်ထားတဲ့ ကလျာနဲ့ အတူတူပဲလားတော့ မသိဘူး ... ဒါဆိုရင်တော့ ဗုဒ္ဓဘာသာ ဖြစ်နိုင်ချေ နည်းတယ် ... ဘာပဲဖြစ်ဖြစ် ၀င်ဆွေးနွေးတဲ့အတွက်တော့ ကျေးဇူးတင်တာပေါ့ ... ဆွေးနွေးတဲ့ အခါမှာလဲ သူများတွေလို အချက်လက်လေးထည့် (ဘာကြောင့် ကိုယ်ဘာလို့ပြောရတယ်ဆိုတာမျိုး) ဆွေးနွေးပေါ့ ... ဘာအချက်အလက်မှမရှိပဲ ဖင်ပိတ်ငြင်းနေတော့ ဦးနှောက်ထဲမှာလဲ ဘာမှ မရှိတဲ့ပုံစံမျိုး ပေါက်နေတယ် … )

ဓါတ်လုံး

0 comments:

Post a Comment