မြင်တာပြောတယ်

အမျိုးဘာသာ သာသနာကိုကာကွယ်ဖို့ လူတိုင်းမှာတာဝန်ရှိတယ် ပြောစကားသက်သက်နဲ့ ဘာသာကိုကာကွယ်နေတယ် သာသနာကိုစောင့်ရှောက်နေတယ် တိုင်းပြည်ကိုကောင်းအောင် လုပ်နေကြသူတွေ များလာနေတယ် ဘယ်သူ့မေးမေး တိုင်းပြည်ကောင်းဖို့ ဘာသာ သာသနာ ကောင်းဖို့ ဦးတည်ပြီး လုပ်နေကြတယ် ပြောတာပဲ၊ အဲလိုပြောနေရင်းနဲ့ပဲ ကျုပ်တို့ လူမျိုးက လေလွင့်နေပါတယ်ဆိုတဲ့ဂျက်ပစီမျိုးနွယ်စုတွေလောက် ဂုဏ်သိက္ခာမရှိတော့တာတွေ ဖြစ်လာနေတယ် ယဉ်ကျေးမှုတွေ ပျောက်လာတယ် ဓလေ့ထုံတမ်းကို မျက်ကွယ်ပြုလာတယ်၊

ဗုဒ္ဓတရားတော် အထွန်းကားဆုံးလို့ ပြောနိုင်တဲ့ ကျုပ်တို့ရေ ကျုပ်တို့မြေမှာ သံဃာတော်တွေ သွေးမြေကျကြ၊ သေကြ၊ ကြေကြ၊ အလိုမကျရင် သံဃာစင်စစ်က သူပုန်ဖြစ်ပြီး ထောင်နန်းစံရ ဒီသံဃာတော်တွေကို ဆွမ်းကပ်တဲ့ တကာ တကာမတွေက ထွက်ပြေးရ တိမ်းရှောင်ရ သာသနာတော် သမိုင်းမှာ မလှတဲ့စုတ်ချက်ပဲ၊မလှတာကမှ မရေးကောင်းတဲ့ပန်းချီကို ရေးပြီး အိမ်ဦးခန်းအလှပြထားတာမျိုးပဲ၊ ဘုရားကအောက် မျောက်ကားအထက် ကာလပျက်ပါရောလား။

ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ဗြဟ္မဏဘာသာဝင်တွေက သံဃာတော်တွေကို လိုက်ပြီးဖမ်းတာ သတ်တာ လုပ်တော့ ရဟန်တော်အရှင်သူမြတ်များ ထွက်ပြေးတိမ်းရှောင်တော်မူရတာ သမိုင်းဟောင်းရှိပြီးသား၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ သိုဟန်ဘွား ပိဋကတ်ကိုမီးရှို့  ပြီး ရဟန်းတော်တွေကို လိုက်သတ်တာက ဘာသာခြားနေလို့၊ ကျူပ်တို့ရဲ့ရေမြေ့ရှင်ကြီးက ရဟန်းသံဃာတော်တွေကို သတ်လိုသတ် ဖမ်းလိုဖမ်းလုပ်နေတာက ဘာဖြစ်လို့လဲ၊ ဘာသာခြားမို့ လား? ဘုရားသွားနေတာတော့တွေ့နေတာပါပဲ ယတြာချေရုံသက်သက် ဘုရားကန်တော့တာလား၊ အဲလိုဆို ကျွေးနေတဲ့ဆွမ်းတွေကသဒ္ဓါဆွမ်းလား ယတြာဆွမ်းလားမသိ၊ ဘုရားရှင်လက်ထက်တော်ကတော့ ယတြာဆွမ်းမရှိ၊ အမယ်ဆိုနေလိုက်သေး ဗုဒ္ဓံသရဏံ ဂစ္ဆာမိ လို့ ၊သေချာကြားတာပါ ၊ပါးစပ်ကပဲ ဆာမိတာပါ၊ လက်ကတော့..ငါကိုလာမထိနဲ့ ဘုရားသော တရားသော သံဃာသော ဘာမှမသိဘူး ရှိတာအကုန်သိမ်းပြီး တရုပ်အစိမ်းနတ်လိုပဲ မြန်လိုက်တာ၊ အ၀ါရောင်တွေနီကုန်တယ်။

တခါက ဘာသာရေးအခမ်းနား တစ်ခုကို ဆရာတော်ကြီးနောက်တော်က ကပ္ပိ အနေနဲ့လိုက်ရတော့၊ အနီးနားရှိတဲ့ ဆရာတော်ကြီးတစ်ပါးက ကျုပ်တို့ဆရာတော်ကြီးကို ဘာပြောလဲဆိုတော့….

“ ဆရာတော်ရေ..တပည့်တော်တို့များ အသက်တွေကြီးလာမှ ဘွဲ့ တွေတစ်သီတတန်းကြီးနဲ့ ရပ်ပြီးစောင့်ရတဲ့ ရပ်စောင့်ကိုယ်တော်တွေ ဖြစ်ကုန်ရောလား” တဲ့ ၊ဟုတ်လည်းဟုတ်တာပါပဲ
ဒီတုံးက အခါမကျလို့ ဆိုပြီး မဟာက၀ိဗေဒပညာရှိကြီးတွေ စကားကို အလေးထားတော်မူကြတဲ့ ကျုပ်တို့တိုင်းပြည်က ရေမြေ့ရှင်နဲ့ မှုးမတ်တော်များမရောက်မချင်း ရပ်ပြီးစောင့်ရတဲ့ ရဟန်တော်များဟာ အချိန်ခါသင့်မှ စီတော်ယဉ်နဲ့ ကြွလာတော်မူကြမဲ့ အခါပေးဆရာနဲ့ ဆွေးတော်မျိုးတော် အပေါင်းကို တလောကလုံးရဲ့ အမြတ်ဆုံးဖြစ်တဲ့ ဘုရားသားတော်များ ထိုင်ပြီးစောင့်နေခွင့်မရ ရပ်စောင့်နေရတယ်ဆိုတော့..ဗြဟ္မဏဘာသာဝင်တွေ တန်ခိုးကြီးတဲ့ခေတ်လားလို့ ။

ဪ…သာသနာပြုမင်းဆိုတာ၊ဘုရားတွေအတော်တည်တဲ့မင်း၊ ဘယ်ကုပဏ္ဏီ အုတ်ဘယ်လောက်၊ ဘယ်အဖွဲ့က ဒီဟာတာဝန်ယူ ဒီလုပ်ငန်းရှင်က ဘာပစ္စည်းကိုတာ ၀န်ယူ
ရေဗူးပေါက်တာ မလိုဘူးရေပါတာပဲလိုတယ်၊ အဲလိုမျိုးတည်တဲ့ဘုရား ရွှေရောင်းပဲလင်းသလား အနီရောင်ပဲထင်းသလား မင်းတြားရယ်တွေးကြည့်ပါဦး၊ သာသနာတော်အတွက် ဘုရားတည်ဒါလား ယတြာအတွက် ဘုရားကယ်ပါလုပ်တာလားကွယ်။

ဘုရားကိုပယ်ပြီး သံဃာကို မသိမသာ သိသိသာ သင်းခွဲနေတဲ့ မင်းတြားရယ် ယတြာမကယ်နိုင်လောက်ပါဘူး ရွှေညဏ်တော်စူးပါရဲ့၊ ပုထုဇဉ်ဆိုတာ အရူးပါပဲတဲ့ မြတ်ရှင်စောဟောခဲ့တာ သတိရပါဦး

မင်းခေါင်

2 comments:

Co2zeиith said...
January 22, 2010 at 10:21 AM

အဆိုးရ လို့ နာမည်ယူထားတဲ့ အဆိုးပဲပေးနေတဲ့ ဒီကောင်တွေ လက်ထက်ကျမှ ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ဆိုဒဲ့ ဆိုဒ်တွေနဲ့စော်ကား ခံရတရ်ဗျာ၊၊
သူတို့ ကိုယ်တိုင် ဘုရားရွေခိုးနေမှတော့ ဘယ်သူ ဘာပြောရဲတော့မှာလဲဗျာ၊၊

ကျွန်နော်တော့ စိတ်ထဲမှာ ဖြစ်နေတာတော့ အာဏာရူး ဘာသာရူးတွေ ကိုက်တဲ့ပွဲကို မျှော်နေတရ်၊၊

Anonymous said...
January 22, 2010 at 1:00 PM

;)

Post a Comment