ယေရှုနှုတ်ကပတ်တော်လာ မိဘကျေးဇူးဆပ်နည်း

ဤလောကတွင်အဘယ်သူကိုမျှ‘အဖ’ ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။ (ရှင်မဿဲခရစ်ဝင် ၂၃:၉)

ယေရှုခရစ်က သူ့တပည့်များကို သြဝါဒမြွတ်ကြားရာမှာ ဘုရားသခင်ကလွဲပြီး ဘယ်ယောက်ျားကိုမှ အဖေမခေါ်နဲ့ဟူသတတ်။ စဉ်းစားကြည့်ပါလေ။ ယေရှုဆိုသည်မှာ အလွန်ပင်မွေးရကျိုးနပ်သော သားလိမ္မာလေးပါပေတကား။ မိမိကိုပြုစုစောင့်ရှောက်သွန်သင်ပေးခဲ့သော ဖခင်ယောသပ်မျက်နှာကိုမှမထောက်။ ဤသို့ဆိုလျှင် အဘယ်သို့ခေါ်ရမည်နည်း? "ဟေ့ယောသပ် ကျွန်တော့်ကိုဟိုဟာလေးကူပါဦး၊ ယောသပ်ရေ ကျွန်တော့်ကိုဒါလေးရွှေ့ပေးပါဦး" စသဖြင့် ခေါ်ခဲ့တန်ရာ၏။ မထူးဆန်းပါချေ။ အပျိုစင်ကမီးရှူးသန့်စင်ဖွားမြင်သဖြင့် အဖေမရှိဟုဆိုနိုင်ပေသော်လည်း အမေရှိသည်ကား အသေအချာပင်။ ထိုကဲ့သို့မိမိကို ကိုးလလွယ်ဆယ်လဖွား ကျွေးမွေးပြုစုစောင့်ရှောက်လာသော မိခင်အရင်းကိုတောင်မှ အမေဟူ၍တစ်ခါမှ မခေါ်ခဲ့ပါချေ။ ကြည့်လော့...

ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။(ရှင်ယောဟန်ခရစ်ဝင် ၂:၄-၅)

ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊(ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၆)


ဂါရဝေါစ နိဝါတောမင်္ဂလာ အလျင်းမရှိသော ယေရှူပင်တည်း။ ထိုမျှမကသေး သူ၏သမိုင်းဝင် နောက်လိုက်တစ်သိုက်ကို သင်ကြားထားပုံမှာ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်းမမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ (ရှင်လုကာခရစ်ဝင် ၁၄:၂၆) ဟူ၍။ မဿဲ၊ လုကာ၊ မာကု၊ ယောဟန်၊ ပေတရုတို့တစ်သိုက်မှာ အဘယ်အတန်းအစားဟူ၍ ဋီကာချဲ့ပြရန်လိုမည်မထင်။ ယေရှူပင်မဆိုထားနှင့်ဦး သူ၏နောက်လိုက်ကဲ့သို့ သားသမီးမျိုးမွေးမိသော မိဘတို့မှာကား ရင်ကျိုးရမည်မှာအမှန်ပင်။ သြော်... မွေးရကျိုးနပ်ပေစွ။ အလားတူပင် ယေရှူခရစ်၏ကမ္ဘာကျော် တောင်ပေါ်မှဒေသနာတော်တွင်လည်း

သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမတို့ ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။- (ရှင်မဿဲခရစ်ဝင် ၁၀:၃၇)
ဟူ၍တစ်နည်း

မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။- (ရှင်မဿဲခရင်ဝင် ၁၀:၃၇) ဟူ၍တစ်ဖုံ

နာကြားရမည်ဖြစ်ပေသည်။ ဤသည်ကား ခရစ်ရှန်ဘာသာမှ သင်ကြားပြသသော မိဘကျေးဇူးဆပ်နည်းဆိုလျှင်လည်း မှားမည်မထင်ပေ။ သို့သော်လည်း ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ခုတစ်မျိုးတော်ကြာတစ်မျိုး ပေါင်းသော်ကား လေးမျိုးဖော်ပြလေ့ရှိသော ထာဝရဘုရား၏သမ္မာကျမ်းတော်မြတ် ဖြစ်သည်နှင့်အားလျော်စွာ ဓမ္မဟောင်းကျမ်းမှ တမန်တော်မောရှေယူဆောင်လာသော ထာဝရဘုရားသခင်ကြီး ယေဟောဝါ၏ ပဉာတ်တော်တစ်ချက်နှင့် သွားငြိလေကုန်၏။

သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ (ထွက်မြောက်ရာကျမ်း ၂၀:၁၂)


အဖဘုရားသခင်၊ သားတော်ယေရှူ၊ သန့်ရှင်းသောဝိဉာဉ်တော် သုံးပါးပေါင်းမှ တစ်ဆူဖြစ်တော်မူပေထသော သရီးအင်ဝမ်းခရစ်ရှန်ဘုရားများမှာ အချင်းချင်း ထချကြကုန်တော်မူ၏။ အဘယ့်ကြောင့်ဆိုသည်ကိုမူ အသင်စာရှုသူ သဘောပေါက်လောက်ချေပြီ။

0 comments:

Post a Comment