ချေပချက်နောက်ဆက်တွဲ

ပထမဦးဆုံးအနေနဲ့ ကျွန်တော်တောင်းပန်စရာလေးရှိပါတယ်။ ကျွန်တော် ချေပချက် ပို့စ်ကိုရေးတုန်းက အရေးအသားတွေ မသင့်တော်ခဲ့လို့ စာဖတ်သူတွေအတွက်ကော ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ နားဝင်မချိုစေခဲ့ပါဘူး။ အမှန်တကယ်က ကျွန်တော်အဲဒီပို့စ်ကို နာရီပိုင်းအတွင်း လက်တန်းချရေးပြီး တင်လိုက်ခြင်းသာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ပြင်ဆင်တည်းဖြတ်ခြင်းမရှိခဲ့ပါဘူး။ အကိုးအကားရှာဖို့လောက်ပဲ ကျွန်တော်အချိန်သုံးခဲ့ပါတယ်။ ကျွန်တော်ဘလော့မရေးတတ်ပါဘူးခင်ဗျာ။ ဘလော့စရေးတာ ၁နှစ်လောက်ပဲကြာပါဦးမယ်။ ဘလော့မရေးခင်ကာလတွေတုန်းက ကျွန်တော်ဖိုရမ်တွေမှာ ပင်တိုင်ရေးပါတယ်။ နောက်ပြီးတော့ ဒီဘိတ်သဘောမျိုးတွေရေးဖူးပါတယ်။ အခုလည်းထိုခရစ်ရှန်ခရူဆေဒါလေးအတွက် ကျွန်တော်သတိပေးခြင်းဆိုတဲ့ပို့စ်တင်အပြီး ၁ပတ်အကြာမှာ သူ့ဘက်ကပြန်ဖြေရှင်းပါတယ်။ ဖြေရှင်းချက်တွေက အင်မတန်မှမခိုင်လုံပဲ ကလေးကလားဆန်လွန်းနေတဲ့အတွက်ကြောင့် ကျွန်တော်ရီပလိုင်းရပြီးပြီးချင်း နာရီပိုင်းမှာပဲ သူ့အဖြေကိုပြန်လည်ချေပခဲ့၊ ယုတ္တိမတန်တဲ့အဖြေတွေကို ထောက်ပြခဲ့ပါတယ်။ အဲဒီတော့ စာဖတ်သူတွေကိုမေတ္တာရပ်ခံချင်တာက ကျွန်တော့်အရင်ပို့စ်မှာ စကားလုံးတွေက မယဉ်ကျေးခဲ့ပေမယ့်လို့ ဗဟုသုတပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သည်းခံပြင်ဆင်ပြီးဖတ်ရှုပေးကြပါခင်ဗျား။ ကျွန်တော်တို့မူလပိုင်ရှင်မြတ်ဗုဒ္ဓရဲ့ သမ္မာတရားစစ်စစ်ကို ယုံယုံကြည်ကြည် လျှောက်လှန်းနေကြတဲ့ ထေရဝါဒီတွေအတွက် ဘာသာရေးကိုယ်ခံအား ဗဟုသုတကို ကျွန်တော်စိတ်ရောကိုယ်ပါ တတ်နိုင်သမျှဖြည့်စည်းပေးနေလျက်ပါ။

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကိုပြောချင်တာက messengerforbuddhist.blogspot.com က ကိုယ်တော်ချောဆိုတဲ့ဘလော့ဂါဟာ မွတ်ဆလင်တစ်ယောက်လုံးဝမဖြစ်နိုင်ဘဲ ခရစ်ရှန်တစ်ယောက်သာဖြစ်ကြောင်း အထောက်အထားတွေ့ရှိထားရပါတယ်။ အစပိုင်းတုန်းကတော့ မွတ်ဆလင်တစ်ယောက်လိုလို အယောင်ဆောင်ပြီး ရန်ရှောင်နေခဲ့ပေမယ့် နောက်ပိုင်းမှာယောက်ျားပီပီ ကိုယ့်စာကိုယ်တာဝန်မယူရဲလို့ ဘာသာမဲ့ဆိုပြီး ဇာတ်ပြောင်းကပါတယ်။ မည်သို့ပင်ဆိုစေကာမူ ရုပ်ထုမုန်းတီးရေးဝါဒ၊ လူလူချင်းကိုးကွယ်ရေးဆန့်ကျင်ဝါဒ၊ ဖန်ဆင်းရှင်ဝါဒ စတဲ့ အယူဝါဒတွေကို သူ့ဆီမှာထင်ရှားစွာတွေ့နေရမှတော့ သူဟာဘယ်လိုနည်းနဲ့မှဘာသာမဲ့မဖြစ်နိုင်ပါဘူးခင်ဗျာ။ အနည်းဆုံးတော့သူဟာ Abrahamic theist(အေဘရာဟမ်၏ဖန်ဆင်းရှင်ဝါဒီ) တစ်ယောက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဘာသာခြားတွေကို ပေါ်တင်နည်းရော၊ လျှို့ဝှက်ပြီးရော တိုက်ခိုက်နေကြတဲ့ ခရစ်ရှန်သာသနာပြုများရဲ့ လုပ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ခရစ်ရှန်သာသနာပြုတွေဟာ ဘာသာခြားအယူဝါဒတွေ မှားမှန်းသက်သေပြဖို့ဆိုရင် သိပ္ပံနည်းကျသုတေသနလုပ်ငန်းတွေကိုပါ ငွေကုန်ကြေးကျခံပြီးလုပ်ဆောင်ကြတာ ဥရောပမှာအခုထိရှိပါသေးတယ်။ အခုလည်း ထိုဘလော့၃ခုက နာမည်အမျိုးမျိုးနဲ့ခရစ်ရှန်ဘလော့ဂါဟာ ထိုဘလော့ဂ်တွေကိုရေးဖို့ နောက်ကွယ်ကနေတောင်းဆိုနေကြပါတယ်လို့ သူကိုယ်တိုင်သွယ်ဝိုက်ပြီးဝန်ခံထားတာ ရှိပါတယ်။ ကျွန်တော်တို့ဓမ္မဂါးဒီးယန်းဘလော့ရဲ့ ရပ်တည်ချက်က ထေရဝါဒဗုဒ္ဓဘာသာရဲ့ ခံစစ်အတွက် ဘာသာဝင်တွေအတွက်ကော ဘာသာခြားတွေအတွက်ပါ သိသင့်သိထိုက်တဲ့အဖြေတွေ တုန့်ပြန်ရေးသားချက်တွေနဲ့ ဗဟုသုတဖြန့်ဝေပေးဖို့ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ကျွန်တော်အခုတစ်လောမှာ သဘောကျတဲ့ဘလော့တစ်ခုကိုတွေ့ထားပါတယ်။ http://samadihti.co.cc/ ဆိုတာပါပဲ။ သွားရောက်လည်ပတ်ကြည့်ပါခင်ဗျာ။ ခရစ်ရှန်တွေအကြောင်းကို အတွင်းသိသိနေတဲ့ပုဂ္ဂိုလ်တစ်ယောက်က ဗုဒ္ဓသာသနာအရေးအတွက် သမ္မာဝါစာလမ်းကြောင်းကနေမသွေဖီပဲ ဗဟုသုတတွေဖြန့်ဝေပေးနေတာဖြစ်ပါတယ်။ ကျွန်တော်မလုပ်နိုင်တဲ့ မရေးနိုင်တဲ့အပိုင်းကို ချပြနိုင်တဲ့ အဲဒီဘလော့ဂါကို ကျွန်တော်လေးစားကြောင်း ပြောပါရစေခင်ဗျာ။

ပြောချင်တာတွေပြောလို့ နိဒါန်းချီအပြီးမှာ ကျွန်တော့်ရဲ့ချေပချက်ကို ဆက်ပါမယ်။ ကျွန်တော်ရေးနေကြပုံစံအတိုင်း အကိုးအကားအချက်အလက်တွေအဓိကထားပြီး ဘုရားချမှတ်ပေးထားတဲ့ သမ္မာဝါစာလမ်းစဉ်နဲ့အညီ အကျိုးသင့်အကြောင်းသင့်ပြန်လည်ဆွေးနွေးပြမှာဖြစ်ပါတယ်ခင်ဗျား။

ခရူဆေဒါ၏ချေပချက်

ဟေဗြဲသြ၀ါဒ စာစောင်အား ပေါလုရေးသားခဲ့ပါသည်။ အထောက်အထားကို ကြည့်လိုပါက.. ပေါလုသည် နို့အား အမြဲတမ်း မရင့်ကျက်သော အသက်တာကို အမြဲပြောခဲ့သလို၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဆိုသော စကားကို ( ရောသြ၀ါဒ၊ ဂလာတိ၊ နှင့် ဟေဗြဲ) ရေးခဲ့သည်။

ရှေ့ပို့စ်တုန်းက ဟေဗြဲသြဝါဒစာရဲ့ စာရေးသူအကြောင်းကိုပြောခဲ့ပါတယ်။ ဟေဗြဲသြဝါဒရဲ့စာရေးသူဟာ ရှင်ပေါလုလို့ပြောတဲ့အဆိုကမခိုင်လုံသေးပါဘူး။ စာရေးသူက ကိုယ့် identity ကိုယ်ဘာလို့ မဖော်ပြထားတာပါလဲ? စာရေးသူမသိတဲ့ စာအုပ်မျိုးကို ကျမ်းစာအဖြစ်ဘာလို့ ယုံကြည်ကြတာပါလဲ? ပြီးတော့ ပေါလုသည် နို့အား အမြဲတမ်း မရင့်ကျက်သော အသက်တာကို အမြဲပြောခဲ့သလို၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဆိုသော စကားကို ( ရောသြ၀ါဒ၊ ဂလာတိ၊ နှင့် ဟေဗြဲ) ရေးခဲ့သည်။
ဆိုတဲ့အဆိုကို သက်သေပြဖို့အတွက် အထောက်အထားကျမ်းကိုးပြဖို့ ကျွန်တော်ကတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ ကျွန်တော့်ဘက်က တင်ပြချက်ကတော့ ရှင်ပေါလုရေးတဲ့ ကျန်ကျမ်းတွေအားလုံးမှာ စစခြင်းဘုရားရှိခိုးပြီး နိဒါန်းဖွင့်ထားပါတယ်။ အခုဟေဗြဲသြဝါဒစာမှာ မပါပါဘူး။ ပရိုတက်စတန့်ခရစ်ရှန်ဘာသာကို စတင်တည်ထောင်သူ မာတင်လူသာကတော့ ထိုစာရေးဆရာဟာ အာပေါလု(Apollos) ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ ဘိုင်ဘယ်လ်ပညာရှင်တွေကတော့ ပေါလုဟောခဲ့တဲ့တရားတွေကို လုကာကတစ်ဆင့် ပြန်ရေးထားတာလည်းဖြစ်နိုင်သလို ဗာနဗရေးသားတာလို့ဆိုတဲ့ သီအိုရီတွေလည်းရှိပါတယ်
။ ခေတ်ပေါ်ပညာရှင်တွေကလည်း ပြစ်ကိလ(Priscilla) ရေးထားကြောင်း အကျိုးနဲ့အကြောင်းနဲ့ ငြင်းချက်ထုတ်လာကြပါပြီ။ ဘယ်လိုပဲသီအိုရီတွေကွဲပြားနေပါစေ ခေတ်ပေါ်ပညာရှင်တွေအများစုကတော့ ဟေဗြဲသြဝါဒစာကို ရှင်ပေါလုရေးတာမဟုတ်ကြောင်း သဘောတူကြပါတယ်။ ပေါလုရေးတယ်ဆိုတဲ့သီအိုရီဟာ ခရစ်ရှန်အသင်းတော်တွေရဲ့ အစဉ်အလာအားဖြင့်ယုံကြည်မှုတစ်ရပ်သာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အတိုင်း အစဉ်အလာအားဖြင့် လက်ခံလာသည်ဆိုတိုင်းလည်း မယုံကြနှင့်ဆိုတဲ့ ဆုံးမချက်အတိုင်း
ဘိုင်ဘယ်လ်ကိုဝေဖန်ပိုင်းခြားကြည့်မှ မှတ်ကျောက်တင်ခံနိုင်တဲ့ ဘာသာတစ်ရပ်အဖြစ် ရပ်တည်နိုင်မယ်မဟုတ်ပါလားခင်ဗျာ။ အဲဒီတော့ ခရစ်ရှန်အပေါင်းကိုပြောချင်တာက ကျမ်းစာထဲမှာပဲပိတ်မနေပါနဲ့တော့ဆိုတာပါပဲ။ မျက်စိလေးဖွင့်နားလေးစွင့်ပြီး ကျမ်းစာအပြင်ကိုထွက်ခဲ့ကြပါ၊ မဂ္ဂင်ရှစ်ဖြာတရားမြတ်ဖြစ်တဲ့ သမ္မာတရားကိုရှာဖွေကြပါလို့ ဧဟိပဿိ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား။

ခရူဆေဒါ၏ချေပချက်
အဖြေ။ ခရစ်တော်သည် မိမိလူမျိုးတော်များအတွက် လာခဲသည်ကို ယောဟန် ၁း၁၄ တွင်ကြည့်ပါ၊ သို့တိုင်အောင် ယနေ့ လူမျိုးခွဲခြားနေသော လူ့ဘောင်ကြီးတွင် အကျွတ်တရားလမ်းကို ရနိုင်ရန် လမ်းစမရှိသော ကျွန်ုပ်တို့အားလုံး ( တပါးအမျိုးသားများ) အတွက်ဂျူးများ၏ ငြင်းပယ်ခြင်းအားဖြင့် ဖွင့်ပေးတော်မူခဲ့ပါသည်။ ၄င်းမှာ ဘုရားမြတ်၏ ကြီးမြတ်သော အကြံအစည်တော်နှင့် မဟာကရုဏာတော်မည်မျှ ကြီးမြတ်ကြောင်းကို အတိအလင်းသိမြင်နိုင်ပါသည်။ အဆွေစာရှုသူသည် မည်မျှတိုင်အောင် လူမျိုးရေး အစွဲဖြင့် ဘဝနွံတွင် နစ်နေမည်နည်း၊ အမျိုး၊ ဘာသာ တို့မည်သည် လွှတ်ရာလမ်းကို မပေးနိုင်ပါ၊ ဘုရားကို ဘုရားလိုမြင်မှသာ ( အစွဲကျွတ်မှသာ) ဤဝဲဩဂမှ လွှတ်နိုင်ပေမည်ကို အထူးသတိပြုစေချင်ပါသည်။ လူသားလုံးကို ဖန်ဆင်းသော ဘုရားရှင်က ဦးစွာ ဂျူးလူမျိုးများအားဖြင့် ဤလောကကြီးအား အကျွတ်တရားလမ်းကို သိစေရန် ရွေးချယ်တော်မူခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဂျူးလူမျိုးသည် ဘုရားရှင်၏ အစီအစဉ်တွင် အဓိက လူမျိုးတော်အတွက်ဖြစ်ခဲ့သော်လည်း ကယ်တင်ခြင်းအကျွတ်တရားလမ်းစဉ်အတွက်မူကား ကျွန်ုပ်တို့ လူမျိုးတွင်ရှိသော အမြင်ကျဉ်းသော လူမျိုးရေး ဘောင်ကန့်သတ်မှုမရှိကြောင်း အဆွေရှင်းလင်းမြင်တွေ့နိုင်ပါစေ။

မေးခွန်းနံပါတ်(၈)အတွက်ကတော့ သူခိုးကလူပြန်ဟစ်ဆိုတဲ့ မြန်မာစကားပုံလေးကို စစချင်းသွားသတိရမိပါတယ်ခင်ဗျ။ ကျွန်တော်ကလူမျိုးကြီးဝါဒီ(racist)လား ဘယ်သူကracistလည်းဆိုတာ စာဖတ်သူတွေကိုတိုင်တည်ပြီးတော့ ကျွန်တော်သက်သေပြပါ့မယ်။

တမန်တော်တစ်ကျိပ်နှစ်ပါးတို့အားသခင်ယေရှု သည်အောက်ပါသြဝါဒများကိုပေး၍စေလွှတ်တော် မူ၏။“သင်တို့သည်လူမျိုးခြားများနေထိုင်ရာဒေသ များနှင့်ရှမာရိမြို့များသို့မသွားကြဘဲ၊ သိုးပျောက်များဖြစ်သောဣသရေလအမျိုးသား တို့ထံသို့သွား၍၊- သူတို့အား‘ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ’ ဟု ဟောပြောကြလော့။- (မဿဲ ၁၀:၅-၇)

ယေရှုရဲ့နှုတ်ကပါတ်တော်စစ်စစ်တွေဖြစ်ပါခင်ဗျား။ အခုခေတ်ခရစ်ရှန်သာသနာပြုတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ တွေ့ရမှာပါ။ သတင်းကောင်း(သို့) ဧဝံဂေလိတရားတော်များကိုဟောပြောဖို့ ယေရှုကသာသနာပြုတွေကိုစေလွှတ်ရာမှာ ဂျူးမဟုတ်တဲ့ လူမျိုးခြားတွေ ဘာသာခြားတွေဆီမသွားပါနဲ့၊ ဂျူးတွေဆီသာသွားကြပါလို့ ယေရှုကမိန့်ကြားနေခြင်းဖြစ်ပါတယ် နောက်ပြီး

သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရားတော် ကိုဟောပြောခွင့်ပေးတော်မမူ။- သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်က ခွင့်ပြုတော်မမူသဖြင့်၊- (တမန်တော်ဝတ္ထု ၁၆:၆-၇)

ရှင်ပေါလုနဲ့တိမောသေဆိုတဲ့ ခရစ်ရှန်သာသနာပြုတွေကို ခရစ်ရှန်ဘုရား၃ဆူထဲမှာ ၁ဆူအပါအဝင်ဖြစ်တဲ့ သန့်ရှင်းသောဝိဉာဉ်တော်က တားမြစ်တဲ့အကြောင်းတွေ့ရမှာပါ။ အော်ရစ်ဂျင်နယ်လ်ယေရှုဘုရားသာမက ယေရှုရဲ့ဝိဉာဉ်တော်ကပါ လူမျိုးခြားတွေကို တရားမဟောခိုင်းတာ သိသာလှပါတယ်။ အနောက်တိုင်းမှာ မိရိုးဖလာခရစ်ရှန်တွေ အမည်ခံအဆင့်ပဲကျန်တော့တာမျိုး၊ ခရစ်ရှန်တွေ ဗုဒ္ဓဘာသာ၊ဖန်ဆင်းရှင်မဲ့ဝါဒီ အစရှိတဲ့ တစ်ခြားဘာသာသို့ ပြောင်းယုံကြည်ကြတာမျိုးတို့ကြောင့် ခရစ်ရှန်မစ်ရှင်နရီတွေရဲ့ပစ်မှတ်ဟာ အာရှတိုက်မှာအဓိကကျရောက်လျက်ရှိပါတယ်။ ပါးစပ်ကဘုရား လက်ကားယား ခရစ်ရှန်သာသနာပြုများလို့ ကျွန်တော်ကောက်ချက်ဆွဲသုံးသပ်မယ်ဆိုရင်ဖြင့် လွန်မယ်မထင်ပါဘူး။

ရှင်မဿဲခရစ်ဝင် အခန်းကြီး၁၅က ဇာတ်ကြောင်းတစ်ခုလုံးကိုကြည့်ရအောင်...

ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး(လူမျိုးခြား) တစ်ယောက်သည်အထံတော်သို့လာပြီးလျှင်“အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူးဝင်နေသဖြင့် ပြင်းပြစွာဝေဒနာခံလျက်နေပါသည်” ဟု လျှောက်၏။ သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြားတော် မမူ။ တပည့်တော်တို့သည် ကိုယ်တော်၏အနီးသို့လာ ၍“ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏နောက်က လိုက်၍ဟစ်အော်နေပါသည်။ သူ့အားနှင်ပစ်တော် မူပါ” ဟုလျှောက်ကြ၏။ ထိုအခါကိုယ်တော်က “ငါသည်ပျောက်နေသောသိုးစု ဖြစ်သည့်ဣသရေလအမျိုးသားများ(အစ္စရေးလ်လူမျိုးများ = ဂျူးများ)အတွက်သာ လျှင်လာရောက်ခြင်းဖြစ်သည်” ဟုဖြေကြားတော်မူ၏။ ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာရောက် ပျပ်ဝပ်လျက်“အရှင်၊ ကျွန်မကိုကူမတော်မူပါ” ဟု လျှောက်၏။ ကိုယ်တော်က“သားသမီးတို့(ဂျူးများ)၏အစားအစာကိုယူ ၍ခွေးတို့(ဂျူးမဟုတ်သူလူမျိုးခြားများ)အားမကျွေးအပ်” ဟုမိန့်တော်မူလျှင်၊ အမျိုးသမီးက“မှန်ပါ၏အရှင်၊ ခွေးများ(ဂျူးမဟုတ်သူလူမျိုးခြားများ)ပင်လျှင် မိမိတို့သခင်၏(ဂျူးများ)စားပွဲမှကျသည့်စားကြွင်းစားကျန် များ(ကယ်တင်ခြင်းတရား)ကိုစားရကြပါ၏” ဟုလျှောက်၏။ ထိုအခါသခင်ယေရှုက “အချင်းအမျိုးသမီး၊ သင်၏ ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင်ဆန္ဒရှိ သည်အတိုင်းဖြစ်စေ” ဟုမိန့်တော်မူ၏။ ထိုအချိန်မှ စ၍ထိုအမျိုးသမီး၏သမီးသည်ရောဂါပျောက် လေ၏။ (ရှင်မဿဲခရစ်ဝင် ၁၅:၂၂-၂၈)

ိအထက်ပါကျမ်းပိုဒ်မှာ အနီနဲ့တားပြထားတာတွေကတော့ ဆိုလိုရင်းအနက်တွေဖြစ်ပါတယ်။ လူမျိုးခြားများကို ခွေးနဲ့ဥပမာနှိုင်းထားတဲ့ ယေရှုဖြစ်ပါတယ်ခင်ဗျာ။ ယေရှုနှုတ်ထွက် သမ္မာဝါစာတွေထဲက တစ်ခွန်းပေါ့။ သူနဲ့လူမျိုးတူအစ္စရေးလ်တွေကိုကြတော့ သားသမီးနဲ့တင်စားထားတယ်နော်။ Racist က ဘယ်သူလဲဆိုတာ စာဖတ်သူတွေပဲ ဆုံးဖြတ်ကြပါလို့ တောင်းဆိုအပ်ပါတယ်။ ထိုခရစ်ရှန်ခရူဆေဒါလေးရဲ့ ငြင်းချက်အရ အကျွတ်တရားလမ်းကို ရနိုင်ရန် လမ်းစမရှိသော ကျွန်ုပ်တို့အားလုံး ( တပါးအမျိုးသားများ) အတွက်ဂျူးများ၏ ငြင်းပယ်ခြင်းအားဖြင့် ဖွင့်ပေးတော်မူခဲ့ပါသည်။ သာဖြစ်ခဲ့ရိုးမှန်မယ်ဆိုရင် ယေရှုရဲ့လုပ်ရပ်တွေနဲ့ ဝိရောဓိဖြစ်တာကိုတွေ့ရပါမယ်။ အကြောင်းရင်းမှာကား အကယ်၍သင်ကို သင့်မိခင်က ဈေးသို့သွားပြီး ပန်းသီးတစ်ခြင်းသွားဝယ်ခိုင်းမည်ဆိုပါစို့။ အသင်ကဝယ်ပြီး၍ အိမ်ပြန်အလာလမ်းတွင်
အလွန်ဆာလောင်မွတ်သိပ်နေသော သူတောင်းစားတစ်ယောက်က သင့်ထံမှပန်းသီး၁လုံးကို တောင်းရမ်းနေပေသည်။ အသင်ဝယ်လာသောပန်းသီးများသည် သူတောင်းစားအတွက်မဟုတ် သင့်အမေအတွက်သာဖြစ်သည်ဟု သူတောင်းစားကိုတုန့်ပြန်လတ္တံ့။ သူတောင်းစားမှာလည်း ကြီးစွာသောလုံ့လ၊ အားလျော့ညှိုးငယ်သောမျက်နှာဖြင့် ဆက်လက်တောင်းရမ်းပေလိမ့်မည်။ သင်သည် ထိုသူတောင်းစားကို ဂရုဏာသက်မိသောကြောင့်လည်းကောင်း၊ စိတ်ရှုပ်မခံနိုင်သောကြောင့်လည်းကောင်း ပန်းသီးခြင်းထဲမှ စားမကောင်းဟုယူဆသော ပန်းသီးခပ်ဖျင်းဖျင်းတစ်လုံးကို စွန့်ကြဲပေးကမ်းလိုက်သည်။ ထိုသို့ပေးကမ်းလိုက်ခြင်းသည် သင့်အမေထံသို့ ပန်းသီးများယူဆောင်ရန်ဆိုသော ဦးတည်ချက်ကိုပြောင်းလဲလိုက်ပါမည်လော? လုံးဝမပြောင်းလဲပါချေ။ စဉ်းစားရမည့် နောက်တစ်ချက်မှာကား တစ်လောကလုံး မတတ်နိုင်တာဘာမှမရှိသော ဘုရားသခင်ဆိုသူက ဂျူးလုထုလက်ခံလာအောင် အဘယ့်ကြောင့်မစည်းရုံးနိုင်ခဲ့သနည်း? အသင်ပြောသောအကြောင်းပြချက်ကိုထောက်ဆခြင်းအားဖြင့် ယေရှုဆိုသူသည် ငါးမရရေချိုးပြန် ခဲ့ခြင်းပင် ဖြစ်ပေတော့မည်။ (မဿဲ ၁၀:၅-၇) အရလည်း ယေရှုလူ့ပြည်ကိုဆင်းသက်လာခြင်းသည် ဂျူးလူမျိုးများအတွက်သာဖြစ်ကြောင်း၊ ဧဝံဂေလိတရားဆိုသည်မှာလည်း ဂျူးလူမျိုးများအတွက်သာဖြစ်ကြောင်း ထင်ရှားပြတ်သားစွာ သိမြင်နိုင်ပေသည်။ သဗ္ဗေညုတရှင် ဗုဒ္ဓမြတ်စွာဘုရားမှာကား လူမျိုး၊ဘာသာ၊ဇာတ်နိမ့်ဇာတ်မြစ်မခွဲခြားပဲ သတ္တာ၊ဒေဝ၊မနုဿာနံ ၃၁ဘုံသားအားလုံးအတွက် ပွင့်တော်မူခဲ့ခြင်းဖြစ်ပေသောကြောင့် အကျွန်ုပ်ကြည်ညိုမြတ်နိုးမိပါသည်တကား။

ခရူဆေဒါ၏ချေပချက်
အဖြေ။ ဤနေရာတွင်လည်း ခရစ်တော်ဘုရားက ကြွယ်ဝချမ်းသာခြင်းကို ပြောသည်မဟုတ်သည်ကို မသိသောအဆွေစာရှုသူသည် ထိုကျမ်းချက်ကိုပင် အဆုံးတိုင်မဖတ်သောသူမှန်း အထင်းသားသိနားလည်နိုင်ပါသည်။ ထိုနေရာတွင် ခရစ်တော်ဘုရားက ကြွယ်ဝချမ်းသာခြင်းကို အပြစ်ဆိုခြင်းမဟုတ်ပါ။ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းကို ဘုရား၊ တရား၊ တမလွန်အရေးထက် ဦးစားပေးသော ဘောဘသားကောင်ဖြစ်သော သူဋ္ဌေးသားတစ်ဦးကို အတ္တဖယ်ခွါရန်ခက်ခဲနေခြင်းကြောင့် ထိုသူမျိုးတို့သည် ဘုရားရှင်၏ နိုင်ငံတော်ကို ဝင်စားရန်ခက်သည်ဆိုသော စကားတော်ကို မိန့်ဆိုတော်မူခဲ့ခြင်းဖြစ်ကြောင်း ဥပုဒ်စာဖြေကျောင်းသို့သွားကာ သင်္ခန်းစာများ ရယူလိုက်ခြင်းက အဆွေအတွက် အကောင်းဆုံးပင်ဖြစ်ပေလိမ့်မည်။

မေးခွန်း(၉)နှင့်စပ်လျဉ်း၍ကား

ထိုလူငယ်ကလည်း“အကျွန်ုပ်သည်ထိုပညတ်အပေါင်း ကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်းခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါသေးသနည်း” ဟုပြန်လည်လျှောက်ထား၏။ သခင်ယေရှုက“သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤသို့ ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူ၏။ သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။ သခင်ယေရှုကလည်း“အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။- တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုပ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏” ဟု တပည့်တော်တို့အားမိန့်တော်မူ၏။ (ရှင်မဿဲခရစ်ဝင် ၁၉:၂၀-၂၄)

ထိုအဖြစ်အပျက်ကိုအစုံအလင်ကို ယခုလိုတွေ့ရပါတယ်။ ထိုသူဌေးလူငယ်ဆိုသည်မှာ ငယ်ရွယ်စဉ်ကပင် ပဉာတ်တော်ဆယ်ပါးကို စောင့်ထိန်းလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်ကို ယေရှုက ချမ်းသာသမျှကိုရောင်းပစ်ပြီး အလှုလုပ်ဖို့မိန့်ကြားတာကိုအရှင်းသားတွေ့ရမှာပါ။ ထိုအခါမှာ ထိုသူဌေးလူငယ်သည် မိမိဥစ္စာအပေါ် တွယ်မက်နေသေးသည်ပင်။ ထိုလူငယ်ပြန်ထွက်သွားသောအခါမှာ ယေရှုနှုတ်တော်က အထက်ပါပဥာတ်ချက်ထွက်ပေါ်လာခြင်းပေတည်း။ ခရစ်ရှန်ဘာသာဝင် သူဌေးသူကြွယ်များအဖို့ တမလွန်အရေးမှာ ရင်လေးဖွယ်ပေတကား။ ယေရှုမိန့်ကြားသော အလှူလုပ်တယ်ဆိုရာမှာလည်း မိမိမှာရှိသမျှ ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်နိုင်အောင် ဒါနပါရမီပြည့်အောင် လှူခိုင်းတာမျိုးမဟုတ်ပဲ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရချင်တဲ့ မိမိလိုဘကဦးဆောင်နေတာကို တွေ့ရမှာပါ။ ခရစ်ရှန်တွေရဲ့အလှူဟာ ဘယ်လိုမှမဖြူစင်ပါဘူး။ ပြီးတော့ဘုရားလောင်းသုမေဓာသူဌေးသားဘဝမှာ မိမိပိုင်ဆိုင်သမျှအမွေပစ္စည်းတွေကို စွန့်လွှတ်လှူဒါန်းခဲ့ပြီး ရသေ့ဝတ်ခဲ့တဲ့ ဘုရားအလောင်းတော်ရဲ့ ဒါနပါရမီ၊ နိက္ခမ ပါရမီတွေနဲ့ယှဉ်ပြီး ဘယ်အလှူကသာလွန်၍ မြင့်မြတ်နိုင်ပါ့အံ့နည်း အသင်ခရစ်ရှန်အဆွေတော်? ဆန်းဒေးစကူးလ်မှာတက်ရင် ကျောင်းကသင်ပေးတာပဲတတ်မှာပါ။ အခုမေးခွန်းတွေကို ဆန်းဒေးစကူးလ်တက်နေတဲ့ ကလေးတွေတောင်မှဖြေနိုင်ပါတယ်ဆိုတဲ့ အသင့်ကိုမေးလိုပါသည်။ ဆန်းဒေးစကူးလ်တွေမှာ ယခုကဲ့သို့အမေးနဲ့အဖြေ အပြန်အလှန်ဆွေးနွေးချေပခြင်းမျိုး အသင်ဘယ်နှခါကြုံဖူးပါသလဲ? ဆန်းဒေးစကူးလ်မှာ ဖြူစင်တဲ့ဦးနှောက်ငယ်လေးတွေထဲ ဝါဒရိုက်သွင်းခံနေရတဲ့ကလေးတွေကို ဘလော့ဂါ A-Bombက ကယ်တင်လျှက်ရှိနေပါကြောင်း ဧဝံဂေလိတရား သတင်းကောင်းပါးလိုက်ပရစေခင်ဗျာ။

ခရူဆေဒါ၏ချေပချက်
အဖြေ။ မေလခိဇေဒက်အား A type of Christ ဟူ၍သာ သမ္မာကျမ်းစာတွင် ဆိုထားပါသည်။ ခရစ်တော်ဟု မဆိုထားပါ။ထို့ကြောင့် ကိုးကွယ်ရန်လည်း မလိုအပ်ပါ။ ဘုရားမှ တပါး ကိုးကွယ်ရာ မရှိဆိုသော စကားကို ကျွန်ုပ်တို့ လက်တွေ့ကျင့်သုံးသောကြောင့် ခရစ်တော်နည်းတူ မကိုးကွယ်ခြင်းပင်ဖြစ်ပေသည်။ ဆိုပါစို့ ယနေ့ သင်၏ အမေ၊ အဖေနှင့် သဏ္ဌာန်တူသောသူကို တွေ့သည်ဆိုပါစို့ ထိုသူကို အဖေခေါ်မည်လား၊ တဖန် အဆွေ၏ အမေ (သို့) နှစ်မသည် ကျွန်ုပ်ဇနီးနှင့်တူနေသောကြောင့် အတူနေထိုင်ခြင်းကို ပြုသောကျွန်ုပ်သည် ဘုရား၊ တရား၊ လူမှုရေး၊ စသော အရာများအရ သင့်တော်မည်လော။

မေးခွန်းနံပါတ်(၁၀)အတွက်

ယာဇ်ဘုရားကြီးယေဟောဝါရဲ့ ယာဇ်ပုရောဟိတ်
မေလခိဇေဒက်ဆိုတာ ယေရှုခရစ်နဲ့တစ်တန်းတစ်စားတည်းဖြစ်သွားပါပြီ။ ယေရှု = ဝိဉာဉ်တော် = ယေဟောဝါ ဆိုတဲ့ ခရစ်ရှန်ဘုရားသုံးဆူကို 1+1+1=1 ဆိုသည့်လော့ဂျစ်ဖြင့် ကိုးကွယ်နေကြသည့် ခရစ်ရှန်အနွယ်ဝင်သူတော်စဉ်များကို အကြံကောင်းပေးထားခြင်းသာဖြစ်ပါသည်။ ယာဇ်ဘုရားကြီးယေဟောဝါ = သားတော်ယေရှု = ယာဇ်ပုရောဟိတ်မေလခိဇေဒက် = သန့်ရှင်းသောဝိဥာဉ်တော်စသည်ဖြင့် နောက်ထပ်တစ်ပါးတိုးလာလျှင်လည်း ကိစ္စမရှိပေ။ 1+1+1+1=1 ဖြစ်နိုင်ပေသေးသည်။ ယေရှုသည် သူ့ဘဝတစ်သက်တာလုံးတွင် သူ့ကိုယ်သူ God ဖြစ်သည်၊ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ဖြစ်သည်ဟု လုံးဝမပြောခဲ့ပါလျှက် ယေရှု=ဘုရားသခင်ဟုညီမျှခြင်းချ လုပ်ကြံဖန်တီးကိုးကွယ်နေကြသော ခရစ်ရှန်များသည် ထိုနေရာတွေမေ့လျော့သွားခြင်းဖြစ်တန်ရာသည်။ ကလေးများကိုကြိုက်နှစ်သက်သော(pedophile) ခရစ်ရှန်ဘုန်းကြီးများ၊ လိင်မှုကိစ္စနာမည်ပျက်ရနေသော သင်းအုပ်ဆရာများနည်းတူ အသင်ခရူဆေဒါလေးကလည်း အသင်ဥပမာပေးသကဲ့သို့ လက်တွေ့တွင်နေထိုင်မည်ဆိုပါကလည်း အသင်စိုးကြောက်မနေနှင့်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ထားသောအသင့်တွင် အပြစ်အားလုံးပပျောက်သွားမည်ဖြစ်သောကြောင့် အဘယ်ကိစ္စကိုအသင် စိုးရွံ့နေသနည်း? (ကမ္ဘာဦးကျမ်း ၁၉:၃၂) တွင် မိမိ၏သမီးအရင်းနှစ်ဦးနှင့် ပေါင်းသင်းဆက်ဆံခဲ့ကာ ကိုယ်ဝန်ရစေခဲ့သော လောတသည်ပင်လျှင် ဘုရားသခင်ကမည်သို့မျှပင်ရှုံ့ချခြင်း မရှိခဲ့သည်သာမက ဖြောင့်မတ်မှန်ကန်သော(ဝါ) သူတော်ကောင်းဟူ၍ပင်(၂ပေ ၂:၇-၈) သတ်မှတ်ခဲ့သည်ကို အသင်နားလည်သဘောပေါက်သည်ဟု ယူဆမိပါသည်။

ဗုဒ္ဓဘာသာသမိုင်းမှာ ဘာသာရေးစစ်ပွဲ ဆိုတာ မရှိခဲ့ပါ။ အင်မတန် သည်းခံ နိုင်သော ဘာသာဖြစ်ကြောင်းလဲ သက်သေအခိုင်အမာရှိပါတယ်။ ခရစ်ယာန်သမိုင်းများတွင်မူ ဘာသာရေအကြောင်းပြုဖြစ်ပွါးသော..ခရူးစိတ်စစ်ပွဲ ကဲ့သို့. ဘာသာရေးစစ်ပွဲ များရှိခဲ့ပါ၏.။ ဖိုရမ်လောကတွင်လည်း နာမည်ကျော် ခရစ်ရှန်ဧဝံဂေလိသာသနာပြု ဖိုရမ်မာတစ်ဦး၏ ထိကပါးရိကပါး ပုတ်ခတ်မှု၊ ဘာသာဆွယ်မှုတို့ကြောင့် ကျွန်ုပ်တို့အမာခံ ဗုဒ္ဓဘာသာများဘက်မှ ပြန်ဖြေရှင်းချေပခြင်း၊ မေးခွန်းထုတ်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းကို အသင်စာရှုသူသည် ပလန်းနက်မြန်မာဖိုရမ်နှင့် မြန်မာချက်အွန်လိုင်းဖိုရမ် ၂နေရာတည်းတွင် လေ့လာကြည့်ရုံဖြင့် သိနိုင်ပါသည်။ အကျွန်ုပ်တို့ဘက်မှ စတင်တိုက်ခိုက်သောကြောင့်သာ ပြန်လည်တိုက်ခိုက်ရပါသည်ဆိုသောအချက် ကားသံသယဖြစ်ဖွယ်ရာပင်။ သင်တို့က လက်ဦးယူ၌ စနစ်တကျ အကွက်ချ တိုက်ခိုက်ခြင်းကြောင့်ပဲဖြစ်ပါလိမ့်မယ်။ သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူသည် မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကိုရိတ်သိမ်း ရလိမ့်မည်။- (ဂလာတိသြဝါဒစာ ၆:၇) အရလည်းကောင်း သမ္မာသမ္ဗုဒ္ဓဘုရား၏ ကံကံ၏အကျိုးပေးတရားအရလည်းကောင်း သင့်လုပ်ရပ်အပြုအမူများအတွက် အသင်သည်သာလျှင်အပြည့်အဝတာဝန်ရှိသည်တမုံ့။

0 comments:

Post a Comment