သာသနာ့အာဇာနည် ဦးလောကနာထ

ကျွန်တော်အရင်တစ်ခေါက်တုန်းက အီတလီဘုန်းတော်ကြီး ဥိးလောကနာထအကြောင်း A. Rawlinsonရေးတဲ့ ထေရုပတ္တိဘာသာပြန်ကို ဘလော့ဂ်မှာတင်ပြပေးခဲ့ပါတယ်။ ထိုအချိန်တုန်းက ဦးလောကနာထအကြောင်း ကျွန်တော်မြန်မာလိုဖတ်ဖူးတဲ့ စာအကိုးအကားကိုရှာမတွေ့ခင် အင်္ဂလိပ်လိုလတ်တလောတွေ့ထားတဲ့ အကြောင်းအရာကို ကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အခုမေတ္တာရှင်(ရွှေပြည်သာ)ရေးတဲ့ ဦးလောကနာထအကြောင်း ကို တင်ပြပါရစေ။ အခုဘလော့ဂ်ပို့စ်နဲ့ ကျွန်တော်ကြည်ညိုတဲ့ ဆရာတော်ဦးလောကနာထကို ပူဇော်လိုက်ပါတယ်ခင်ဗျား။
--------------------------------------------------------------------------------------

ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဆာဗာတိုရေစီအိုဖီသည် ... အီတလီနိုင်ငံ၊ မီလန်မြို့ တွင် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့သည်။ သူသည် အမေရိကန်နိုင်ငံ၊ ကိုလံဗီယာတက္ကသိုလ်မှ ဘီအက်စ်စီ ဘွဲ့ရ ခေတ်ပညာတတ် တစ်ဦး ပင်ဖြစ်သည်။

တစ်နေ့တွင် ခရစ္စမတ်လက်ဆောင် အဖြစ် မိတ်ဆွေတစ်ယောက်က အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒစာအုပ်လေး တစ်အုပ်ကို ပေးလိုက်သည်။ ထို ဓမ္မပဒ ကိုဖတ်ရင်းမှ မည်သူမှ တရားမဟောဘဲ ၊ မစည်းရုံးဘဲ .. အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ရသည်။

(ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်တို့တွင် ဓမ္မပဒသည်ကား နိုင်ငံခြားဘာသာခြားတို့အနှစ်သက်ဆုံး တရားပါပေ။)
ဘာသာခြားများပင် ထိုမျှလောက် ကြည်ညိုလေးစားရသော ဓမ္မပဒ တရားတော်ဂါထာတစ်ပုဒ် ကို ကြည်ညိုသဒ္ဓါပွားနိုင်ရန် တင်ပြအပ်ပါသည်။


မဏိံမိဂေါပဿန္တောပိ၊ တိဏံခါဒံဝ ဂစ္ဆတိ။

လဒ္ဓကာလော ဒုပ္ပညောပိ၊ ကာမံဘုဉ္ဖံဝ ဂစ္ဆတိ။



သမင်သည် ပြည်တန်ပတ္တမြားကို တွေ့မြင်သော်လည်း တန်ဖိုးမသိသည့်အတွက် မြက်ကိုသာစားပြီး တောတွင်းဝင်သွားသကဲ့သို့
ပညာမဲ့သောလူမိုက်တို့သည် လူ့ဘဝအခွင်းကာလကောင်းကိုရနေပါသော်လည်း တန်ဖိုးမသိသည့်အတွက် အာရုံငါးပါးကာမဂုဏ် တရားကိုခံစားပြီး
အပါယ်လေးပါးသို့ သွားသည်။

ဤကဲ့သို့ အနှစ်သာရပြည့်ဝသော ဓမ္မများစွာကိုဖော်ပြထားသော ထို ဓမ္မပဒ ကျမ်းစာအုပ်လေးဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာသော ဆာဗာတိုရေစီအိုဖီသည် အသက်ထက်ဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကို ခံယူလိုက်ပါသည်။

မြန်မာနိုင်ငံကို အမြဲနေရာဌာနအဖြစ်ထားကာ ကမ္ဘာကို သုံးပတ် ပတ်မိသည်အထိ သာသနာပြုခြင်းမှာ ဘာသာခြားအဖြစ်နှင့် ကွယ်လွန်ခဲ့သော မိဘနှစ်ပါးသည် ဖြစ်ရာ ဘဝ၊ ဖြစ်ရာ ဒေသမှ သူ့တရားကို နာယူကာ ဗုဒ္ဓဘာသာဖြစ်စေချင်သောကြောင့်ဟု ပါ၏။

တစ်ခါကလည်း ဝမ်းဗိုက်မှာဖြစ်သာ ရောဂါတစ်ခုကြောင့်ခွဲစိတ်ကုသရန် အီတလီသို့ ခေတ္တပြန်ကြွရသည်။ ရောဂါပျောက်၍ ပြန်မည်အပြုတွင် ...
ဘာသာခြားဖြစ်သော ဦးလေးနှင့်ဆွေမျိုးတစ်စုက သူတို့ဘာသာကို စွန့်ပစ်သည့်အပြင် တခြားဘာသာ၏ ရဟန်းအဖြစ်သို့ပင် တက်ရောက်ခြင်းကို မကျေနပ်သဖြင့် ဗုဒ္ဓဘာသာနိုင်ငံများသို့ ပြန်သွားခွင့်မပြုနိုင် ၊ အီတလီမှာပင် နေရမည် ဟု အကျပ်ကိုင်ကြလေသည်။

ထိုအခါက ရှင်လောကနာထ တစ်ဖြစ်လဲ ဘုန်းကြီးလေးက ဗုဒ္ဓဘာသာရဟန်းအဖြစ်နှင့် သာသနာမပြုရလျှင် သေခြင်းကမှ မြတ်သေးသည်ဟု အဓိဋ္ဌာန်ပြုကာ အစားအစာများ လုံးလုံးမစားတော့ခြင်းဖြင့် ဆွေမျိုးများကို အနုနည်းဖြင့် တုန့်ပြန်လိုက်ပါသည်။

လေးငါးရက်ရှိ၍ လူလည်း မျော့မျော့ကျန်သော အခါမှ ဆွေမျိုးများလည်း အလျော့ပေးပြီး ပြန်ခွင့်ပေးရပါတော့သည်။ ထိုသို့ပြန်ခွင့်ပေးသော်လည်း လမ်းစရိတ် မပေးသဖြင့် - - -

အီတလီ ၊ ပြင်သစ် ၊ ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ ယူဂိုစလားဗီးယား ၊ ဘူလ်ဂေးရီးယား ၊ တူရကီ ၊ ဆီးရီးယား ၊ ပါလက်စတိုင်း ၊ အိန္ဒိယ

ဟူသော နိုင်ငံဆယ်နိုင်ငံ ကို ရှစ်လ ကျော်ကြာခြေလျင်ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ အရောက်ပြန်ခဲ့ရပါသည်။

ဓူတင် ၁၃ ပါးကိုလည်း အမြဲဆောင်ကာ ဘယ်သော အခါမှ ဖိနပ်မစီး ၊ ထီးမဆောင်းပါပေ။
အသားငါးကိုလည်း အသက်ထက်ဆုံးရှောင်ကြဉ်၍ သဗ္ဗတ္ထကမ္မဋ္ဌာန်း ခေါ် မေတ္တာဘာဝနာကို အထူးတလည်ပွားများတော်မူပါသည်။

ဆရာတော်၏ မေတ္တာဦးစီးသော အဆုံးအမကြောင့် ဗုဒ္ဓဘာသာဖြစ်ခဲ့ကြသော ဘာသာခြားများမှ မနည်းလှပေ။
အီတလီ ဘုန်းတော်ကြီး ဆရာတော် ဦးလောကနာထသည် ဗုဒ္ဓသာသနာ ကမ္ဘာအနှံ့ပြန့်ပွားအောင် မနေမနား၊ သာသနာပြုရင်း ပြင်ဦးလွင်မြို့တွင် ပျံလွန်တော်မူခဲ့ပါသည်။

မျက်ရည်မကျခင်သိစေချင် - မေတ္တာရှင်(ရွှေပြည်သာ)

0 comments:

Post a Comment